ဂျွန် လူဒွန် မက္ကဒမ်

ဝီကီပီးဒီးယား မှ
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.
ဂျွန် လူဒွန် မက္ကဒမ်

ကတ္တရာလမ်းခင်းနည်းသစ် တီထွင်ခဲ့သူမှာ ဂျွန်၊ လူဒွန် မက္ကဒမ်ဖြစ်သည်။

ဂျွန်၊ လူဒွန် မက္ကဒမ်သည် စကော့တလန်အဲယားမြို့၌ ၁၇၅၆-ခုနှစ်၊ စက်တင်ဘာလ ၂၁-ရက်နေ့တွင် မွေးဖွားသည်။ သူ့အသက် ၁၄-နှစ်တွင် အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ရှိ သူ၏ ဦးရီးတော်သူ ကုန်သည်ကြီးထံ သွားရောက်၍ အလုပ်များ ကူညီလုပ်ကိုင်သည်။ သူသည် နယူးယောက်မြို့တွင် ၁၃-နှစ်ခန့် နေထိုင်ခဲ့သည်။ ထိုသို့ နေထိုင်စဉ်အတွင်း ငွေကြေးအတော်အတန် စုဆောင်းမိသည်။ ထို့နောက် သူသည် စကော့တလန်ပြည်သို့ ပြန်လာကာ အဲယားမြို့တွင် မြေကွက်များဝယ်၍ အခြေချနေထိုင်သည်။

မက္ကဒမ်သည် အဲယားမြို့တွင် တရားသူကြီးနှင့် လမ်းဖောက်ရေးဆိုင်ရာ တာဝန်ခံအဖွဲ့ဝင်တဦး ဖြစ်လာသည်။ ထိုစဉ်က ဗြိတိန်နိုင်ငံတနိုင်ငံလုံး၏ လမ်းများမှာ အလွန်ညံ့ဖျင်းနေသည်ကို တွေ့ရှိပြီး ထိုလမ်းများကို ပြုပြင်ရန် စိတ်ကူးခဲ့သည်။ လမ်းများပြင်ရန်အတွက် ကောင်းမွန်သော အကြံဉာဏ်များကို သက်ဆိုင်ရာ တာဝန်ခံတို့နှင့် ညှိနှိုင်းတိုင်ပင်သောအခါ မည်သူမျှ သဘောမပေါက်ကြချေ။

ထို့ကြောင့် မက္ကဒမ်သည် လမ်းတလမ်းကို ရွေးချယ်ကာ သူ့စိတ်ကူး၊ သူ့စရိတ်ဖြင့် စမ်းသပ်ပြင်ဆင်ကြည့်သည်။ အောင်မြင်သည်။ သူသည် လမ်းကိုကျောက်ခဲများခင်း၍ မျက်နှာပြင်ချောမွတ်အောင် လုပ်သည်။ လမ်းပေါ်၌ ရေမတင်စေရန်နှင့် လမ်းဘေးရေမြောင်းများ ဖောက်လုပ်ခြင်းတို့ကို ပြုလုပ်သည်။ ယင်းကဲ့သို့ ပြုလုပ်သဖြင့် သွားလာမှု အထူးကောင်းမွန်သည်။

ဤကဲ့သို့ တီထွင်လိုက်ရာ များမကြာမီ တိုင်းပြည်က သူ့ကို အသိအမှတ်ပြုလာလေသည်။ ၁၈၁၅-ခုနှစ် သူ့အသက် ၅၉-နှစ်တွင် ဗရစ္စတိုလမ်းများအတွက် သူ့ကို မြေတိုင်းမင်းကြီးအဖြစ် ခန့်ထားခြင်းခံရသည်။ သူသည် လမ်းပြုပြင်ရေးကို စိတ်ကူးနှင့်သာမက နိုင်ငံတကာသို့ ကိုယ်တိုင်လှည့်လည် သွားရောက်ကာ လေ့လာဆည်းပူးခဲ့သည်။ ထိုအတွေ့အကြုံများက သူ၏ လမ်းပြုပြင်ရေးလုပ်ငန်းကို အထူးအောင်မြင်စေခဲ့သည်။ သွားလာမှု လုံခြုံချောမွေ့အောင် ဆောင်ရွက်ခဲ့သူဖြစ်ခြင်းကြောင့် စာဆိုတော်တွမ်မိုးက-ချောမွတ်သော မက္ကဒမ်-ဟု မှည့်ခေါ်ဖူးလေသည်။

မက္ကဒမ်သည် လမ်းပြုပြင်ရေးနှင့်ဆိုင်သော စာအုပ်စာတမ်းများကိုလည်း ရေးသားထုတ်ဝေခဲ့သည်။ သူ့အသက် ၇၁-နှစ်တွင် နေပြည်တော်လမ်းပန်းဆိုင်ရာ မင်းကြီးချုပ်အဖြစ် ခန့်အပ်ခြင်းခံရသည်။ ထို့အပြင် တီထွင်သူ၏ အမည်စွဲဖြင့် လိပ်ကျောက်ကုန်းကတ္တရာလမ်းခင်းခြင်းကို မက္ကဒမိုက်ဇင်း-(Macadamizing) ဟု ခေါ်ဆိုခဲ့သည်။ ၁၈၁၈-ခုနှစ်တွင် ဗြိတိန်အောက်လွှတ်တော်က သူ့အား ပေါင်တစ်သောင်း ဂုဏ်ပြုဆုပေးခဲ့သည်။

မက္ကဒမ်သည် ၁၈၃၆-ခုနှစ် နိုဝင်ဘာ၂၆-ရက်နေ့တွင် ဒမ်ဖရီးရှိုင်းနယ်၊ မော့ဖတ်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် သူ့အသက် ၈၀-နှစ် ရှိပြီ။ [၁]

ကျမ်းကိုး

  1. (ခင်ဧ-စက်မှု)
  • မြန်မာ့စွယ်စုံကျမ်း အတွဲ ၉၊ စာ-၁၈၀။